နွေရာသီမှာ အစာမကြေဖြစ်လေ့ရှိတာ ဘာကြောင့်လဲ ဘယ်လိုကုစားမလဲ
နွေရာသီ ရောက်လာပြီဆိုတော့ အစာစားချင်စိတ်မရှိသလိုလို၊ အစာမကြေသလိုလို၊ ရင်ပြည့်ရင်ကယ်သလိုလို ဖြစ်လာကြပြီ မဟုတ်လား။ အထူးသဖြင့် နကိုတည်းက အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေ ရှိဖူးသူဆို ပိုဆိုးမှာပါ။ နွေရာသီ အားလပ်ရက်တွေမှာ ပါတီတွေ၊ ဘူဖေးတွေ ပြည့်နေကာမှ စားချင်တိုင်း မစားရတာကလည်း ဒုက္ခတစ်ခုပဲ ထင်ပါတယ်။
နွေရာသီမှာ အစာမကြေဖြစ်တတ်တာက တကယ်တော့ ပုံမှန် ဖြစ်စဥ်တစ်ခုပါပဲ။ ပြင်ပအပူချိန်က များတဲ့အခါ ခန္ဓာကိုယ်တွင်း အပူချိန်ကလည်း မြင့်တက်လာပါတယ်။ ခန္ဓာကိုယ်အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် ကျော်သွားရင် အပူသင်တုန်းဖြတ်နိုင်တဲ့အတွက် အရေပြားဆီကို သွေးစီးဆင်းမှုများအောင် လုပ်ဆောင်ပြီး ချွေးထွက်စေခြင်းဖြင့် ခန္ဓာကိုယ်အပူချိန် ကျသွားအောင် လုပ်ဆောင်ရပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့အခါမှာ စွမ်းအင်များစွာ သုံးရပြီး အစာခြေစနစ်မှာ သုံးရမယ့် စွမ်းအင်တွေကို လွှဲပြောင်းသုံးစွဲလိုက်လို့ အစာခြေစနစ် အားနည်းသွားပြီး အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်လာတာပါ။
ဒါဆို နွေရာသီမှာ အစာမကြေ မဖြစ်ရအောင် ဘာလုပ်ရမလဲ?
🌟ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင် ဂရုပြုပါ
အရမ်းပူလာတဲ့အခါ ချွေးပိုထွက်စေပြီး ခန္ဓာကိုယ်အပူချိန်ကို လျှော့ချနိုင်ဖို့ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်မဖြည့်ဘူးဆိုရင် ရေဓာတ်ခမ်းခြောက်ကာ ခန္ဓာကိုယ်အပူချိန် လျှော့ချတဲ့ နေရာမှာ စွမ်းအင်တွေ ပိုမို သုံးရတတ်တဲ့အတွက် အစာခြေစနစ်ကို အနှောက်အယှက်ဖြစ်စေမှာ အသေအချာပါပဲ။ ဒါ့အပြင် ရေဓာတ်ခမ်းခြောက်ရင် အပူသင်တုန်းဖြတ်နိုင်ခြေလည်း ပိုများသလို ကျောက်ကပ်လည်း ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ရေများများ သောက်ဖို့၊ ရေဘူးအနားမှာ ယူထားပြီး ရေမဆာလည်း သတိရတိုင်း သောက်ဖို့ မမေ့ပါနဲ့။
🌟အစာကို ကြေညက်အောင် ဖြည်းဖြည်းဝါးစားပါ
အစာကို ကြေညက်အောင် ဖြည်းဖြည်းဝါးစားတာက အစာကြေလွယ်စေသလို ကိုယ်အလေးချိန်ချဖို့လည်း အထောက်အကူ ဖြစ်ပါတယ်။ အရည်သောက်ဟင်းတွေလည်း များများစားပေးပါ။
🌟အမျှင်ဓာတ် များများစားပါ
အမျှင်ဓာတ် များများစားတာက အစာခြေရာမှာ အကူအညီဖြစ်စေသလို ဝမ်းချုပ်ခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သရက်သီး၊ သင်္ဘောသီး၊ ဘယ်ရီသီး၊ အစိမ်းရင့်ရောင် အရွက်တွေ များများစားပါ။
🌟ပြုပြင်ထားတဲ့ အစားအစာတွေ ရှောင်ပါ
ပြုပြင်ထားတဲ့ ရယ်ဒီမိတ် အစားအစာတွေက အစာမကြေလွယ်ပါဘူး။ ဆားနဲ့ သကြားတွေ များစွာပါဝင်လို့ ကျန်းမာရေးအတွက်လည်း မသင့်တော်ပါဘူး။
🌟ကိုယ်လက်လှုပ်ရှားမှု အတန်အသင့် လုပ်ပါ
ကိုယ်လက်လှုပ်ရှားမှု မရှိရင် အစာကြေဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှု အပြင်းအထန် လုပ်ရင်လည်း ချွေးထွက်လွန်ပြီး ရေဓာတ်ခမ်းခြောက်နိုင်တာမို့ အပူချိန် မပြင်းထန်တဲ့ မနက်စောစောနဲ့ ညပိုင်းတွေမှာ လမ်းလျှောက်တာမျိုး၊ လေ့ကျင့်ခန်း အနည်းငယ် လုပ်တာမျိုးက ပိုပြီး သင့်တော်ပါလိမ့်မယ်။
အစာမကြေတာက ရောဂါကြီးတစ်ခု မဟုတ်ပေမယ့်လည်း ခံရခက်တဲ့ ဝေဒနာတစ်ခုပါ။ ရာသီဥတုကလည်းပူ၊ လူကလည်း အစာမကြေဖြစ်ပြီး မအီမသာနဲ့ဆို နွေရာသီက ငရဲဖြစ်နေမှာမို့ အစာမကြေခြင်းကင်းအောင် ကြိုးစားကြရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်